.

Mingalarbar...

In this blog, I collect some funny, truth and amazing from some email and web page. Hope you enjoy it !!!

၃၈ ဖြာ မင်္ဂလာ

Friday, July 24, 2009

အပျိုကြီးပေါက်စ

အပျိုကြီးတွေက အတော်ခက်တယ်ဗျ၊ ခင်ဗျား သူတို့ကို စမ်းပြီးရည်းစားစာပေးကြည့်ပါလား၊ ခင်ဗျားကို ပြန်ကြိုက်တာ မကြိုက်တာ အသာထား သူတို့က မြေးတွေဘာတွေရတဲ့အထိ တွေးပြီးနေပြီ၊ အဲသည်တော့ ဘယ်အဆင်ပြေတော့မှာလဲ၊ ဥပမာဗျာ အိမ်ထောင်ကျပြီးရင် ခင်ဗျားက အပြင်မှာကဲမှာလား၊ သူတို့နဲ့ ခလေးရလာရင် ခင်ဗျားရုပ်ကြည့်ရတာ ခလေးချစ်တတ်တဲ့ ရုပ်ရည်မဟုတ်ဘူး၊ သူတို့ဘဲ ထိန်းရမှာ ဘာညာပေါ့၊ မဟုတ်တာတွေ လျှောက်တွေးနေတော့ တော်တော်နဲ့ ယောက်ျား ဘယ်ရတော့မလဲဗျာ။

ခင်ဗျားတို့ အမျိုးတွေမှာဖြစ်ဖြစ် မိတ်ဆွေတွေထဲမှာ အပျိုကြီးတွေရှိမှာပါ၊ ရှိခဲ့ရင် သူတို့တွေ ဘယ်လိုရစ်တယ်ဆိုတာ ခင်ဗျားတို့သိမှာပေါ့၊ ကျွန်တော်လည်း ကျွန်တော် ကြုံခဲ့တဲ့ အပျိုကြီးတွေထဲက နှစ်ယောက်သုံးယောက်ရဲ့ အကြောင်းကို ရေးပြချင်လို့ပါ။

ကျွန်တော် မှတ်မှတ်ရရ ရှိခဲ့တဲ့ အပျိုကြီးတစ်ယောက်ကတော့ ဘန်ကောက်လေဆိပ်ထဲမှာပါ၊ (အဲသည်တုန်းက ဘန်ကောက်လေဆိပ်အဟောင်းပါ) ဘန်ကောက်လေဆိပ်ဆိုတာ ခင်ဗျားတို့လည်းသိမှာပါ လူတွေသည်လောက်ရှုပ်ထွေးနေတာ အဲသည့်နေရာမှာကို ကျွန်တော်တွေ့ခဲ့တဲ့ အပျိုကြီးက ဘယ်လောက်တွေးကြောက်နေသလဲဆိုတာ ကျွန်တော်ပြောပြမယ်။

သည်လိုဗျ အသက်သုံးဆယ်ကျော်ရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက်နှစ်ဆယ်ကျော်ရွယ်ချာတိတ် တစ်ဦး လေဆိပ်ထဲမှာ ယောင်လည်လည်ဖြစ်နေတယ်၊ အမျိုးသမီးကလည်း ထမီဝတ်ထားတော့ ကျွန်တော်လည်း မြန်မာမှန်းသိပြီး အကူအညီပေးဖို့ သွားမေးပါတယ်၊ သိရတာက သူတို့သွားမှာက ဥရောပကနိုင်ငံတစ်ခု၊ ကျွန်တော် သွားရမဲ့ ပြင်သစ် နဲ့ လည်း ဘန်ကောက်ကနေ အထွက်ဖလိုက်ကတူနေတယ်။
ကျွန်တော်က ခရီးထွက်နေကျ ခရီးစဉ်ကလည်း တူနေတော့ ကျွန်တော်နဲ့ အတူလိုက်ခဲ့ဖို့ပေါ့၊ သည်လိုနဲ့ ကျွန်တော် သူတို့နှစ်ယောက်ကို ခေါ်ပြီး ကောင်တာမှာသွားမေးကြည့်တော့ လေယာဉ်ထွက်မဲ့ အချိန်က ဝေးနေသေးတယ်၊ ဘုတ်ဒင်ပတ်(စ) ကထုတ်လို့မရသေးဘူး၊ အဲဒါနဲ့ ကျွန်တော်လည်း ကောင်တာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ စားသောက်ဆိုင်မှာ သူတို့နှစ်ယောက်ကိုခေါ်ပြီး ထိုင်တယ်၊ အစားအသောက် မှာတော့လည်း ဘာမှသိပ်မကျတာနဲ့ ကျွန်တော်ဘဲ ပေးလိုက်ပါတယ်။

ဆိုင်မှာထိုင်နေရင်း အမျိုးသမီးနဲ့ ပါလာတဲ့ ချာတိတ်က ဆေးလိပ်သောက်ချင်တယ်ဆိုတော့ ကျွန်တော်က ဆေးလိပ်မသောက်တတ်ဘူး၊ ဒါနဲ့ ဆေးလိပ်သောက်လို့ရတဲ့ အခန်းကို ပြောပြပြီး စားသောက်ဆိုင်မှာ အမျိုးသမီးနဲ့ နှစ်ယောက်ထဲကျန်ခဲ့တယ်၊ အဲသည်မှာ အဲသည့်အမျိုးသမီးက ဘာပြောသလဲဆိုတော့ သူ အိမ်မှာကျန်ခဲ့တဲ့ ခင်ပွန်းနဲ့ ခလေးတွေကို စိတ်ပူတဲ့အကြောင်းပြောတယ်၊ ကျွန်တော်လည်း အလိုက်အထိုက် ဘဝဆိုတာ မဆလာ နနွင်းမှုန့် ဘာညာပေါ့ဗျာ။

ဆေးလိပ်သွားသောက်တဲ့ ချာတိတ်ပြန်ရောက်လာတော့ အမျိုးသမီးက ရေအိမ်သွားချင်ဆိုတာနဲ့ အနီးအနားမှာ ရှိတဲ့ ရေအိမ်ကို လမ်းညွှန်လိုက်ပြီး ချာတိတ်နဲ့ ဆိုင်မှာ နှစ်ယောက်ထဲကျန်ခဲ့ပြန်တယ်၊ ကျွန်တော် က ချာတိတ်နဲ့ စကားပြောရင်း ခလေးတွေ နဲ့ ခင်ပွန်းသည်ကိုထားခဲ့ပြီး ခရီးထွက်လာရတဲ့ အမျိုးသမီးအတွက် စိတ်မကောင်းကြောင်း ပြောမိတယ်၊ သည်အချိန်မှာ ချာတိတ်က မျက်လုံးပြူး မျက်ဆံပြူး နဲ့ ကျွန်တော့ကို
"အစ်ကို ဘာတွေပြောနေတာလဲ မမိုးမိုး (အမျိုးသမီး နာမည်ရင်းမဟုတ်ပါ) က အပျိုကြီးဗျ"

ကျွန်တော် အတော်အောင့်သွားတယ်၊ ဘလိုင်းကြီးမှ ဘလိုင်းကြီး၊ ကျွန်တော် သူ့ကို ထိကပါး ရိကပါး ပြောလည်းမပြောမိပါဘူး၊ သူက ဘာတွေဘယ်လိုတွေးကြောက်ပြီး သည်လောက်လူတွေ မတန်တဆ ရှိနေတဲ့နေရာမှာ တံတိုင်းတွေအထပ်ထပ် ကာရံထားနေလိုက်တာ ကျွန်တော် အောင့်သွားမှန်းသိတဲ့ ချာတိတ်က
"အစ်ကို အဲဒါသာ စဉ်းစားကြည့် ကျွန်တော်ဆို သူနဲ့ သုံးနှစ်လုံး အတူတူ ပညာသင်ရမှာ၊ ရုံးမှာလည်း သူက ကျွန်တော့ အထက်အရာရှိဆိုတော့ ကျွန်တော့ဘဝ ဟာ မီးလောင်ပန်းပါဘဲ၊ ကျွန်တော်ကမှ ပြဿနာ၊ လက်ထပ်တာ တစ်လဘဲရှိသေးတယ်"

ဒါနဲ့ နောက်ဆုံး ဘုတ်ဒင်ပတ်(စ်) ထုတ်တော့ အမျိုးသမီး နဲ့ ခုံချင်းတွဲကျနေမှာစိုးတာနဲ့ သူတို့ကို အရင် ထုတ်ခိုင်းလိုက်ပြီး ကျွန်တော် တစ်ယောက်ထဲအတွက် သပ်သပ်ထုတ်လိုက်ပါတော့တယ်။
အဲဒါကတစ်ယောက်။

ဒါပေမဲ့ အပျိုကြီးတိုင်းတော့ မဟုတ်ပါဘူး၊ တစ်ခါ ကျွန်တော် က မြန်မာပြည်အပြန် သူတို့က မနီလာ ကိုအသွား ကြုံခဲ့တဲ့ အပျိုကြီးကတော့ အေးဆေးပါဘဲ ၊ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အိမ်လိပ်စာတွေ ဖုံးနံပါတ်တွေပေးခဲ့ကြပါတယ်၊ ကျွန်တော်လည်းသူ့ဆီ ရောင်လို့တောင် ဖုံးမဆက်ဖြစ်ပါဘူး၊ သူလည်း မဆက်ပါဘူး၊ ဘာမှလည်း မဖြစ်ပါဘူး၊ Just for ဘာညာပေါ့ဗျာ။

အခု ကျွန်တော် ရေးမှာကတော့ အပျိုကြီးပေါက်စ တစ်ယောက်အကြောင်းပါ။

ရှေးဘဝက ရေစက်ကြောင့်ထင်ပါတယ် သည်အပျိုကြီးပေါက်စမလေး နဲ့ ကျွန်တော် တစ်ယောက် နဲ့ တစ်ယောက် ခင်မိသွားကြတယ်၊ သံယောဇဉ်ဆိုတာ နွယ်ပင်လိုဘဲ နီးစပ်ရာမှာ တွယ်ညိတတ်ကြပါတယ်၊
အဲသလိုဘဲ တစ်ယောက်အကြောင်းတစ်ယောက် သိလာတော့ပိုပြီး သံယောဇဉ်တွယ်မိကြတယ်ပေါ့ဗျာ။

အခုတစ်လော အင်တာနက်မှာ mail က ပို့ရခက်နေတယ်၊ အဲဒါနဲ့ ကျွန်တော် လည်း မတတ်သာတဲ့အဆုံး အဲသည့် အပျိုကြီးပေါက်စမလေးကို mail ပို့ရခက်နေလို့ phone နံပါတ်တောင်းမိပါတယ်။

သည်တော့မှ ဂျောက်ကျတော့တာပါဘဲဗျာ၊ သူက ကျွန်တော်ဖုံးနံပါတ် တောင်းတာကို အတွေးတွေ ပွားနေပါတော့တယ်၊

(၁) ဘာလို့တောင်းတာလဲ၊
mail ပို့လို့ ခက်တာကို မယုံဘူး၊ ဘာအကြံရှိလို့လဲ၊ ဧကန္တ သည်လူ ရည်းစားဓါးမြ လား၊

(၂) ဖုံးထဲကနေ ရည်းစားစကားများပြောမလို့လား၊
ကျွန်တော်က စိတ်မဝင်စားပါဘူးပြောရင်လည်း သူက ဒေါခီးဦးမယ်၊ သူ ဘယ်လောက်လှတယ် ဘယ်လောက်ချောတယ် ဘာညာပေါ့ဗျာ၊ စိတ်ဝင်စားတယ် ပြောရင်လည်း သူ ဒေါခီးမှာဘဲ၊ ရှင်က ဘယ်လောက်အဆင့်အတန်းရှိလို့လဲ ဒါတွေလာဦးမယ်၊

(၃) ရှင့်ကိုခန့်မှန်းကြည့်ရတာ အသက်က ခုနစ်ဆယ်လောက်ရှိနေပြီတူတယ်၊ ကျွန်မ အဖိုးနဲ့ ရွယ်တူဘဲ သည်တော့ အဖိုးလိုဘဲ သဘောထားတယ်၊ ဖုံးနံပါတ် မပေးနိုင်ဘူး။

ဘာညာဟိုဟာဒီဟာ ထင်ရာတွေ စွတ်ဖဲ့တော့တာပါဘဲဗျာ၊ ကျွန်တော့မှာ ဖုံးနံပါတ်တောင်းမိတော့မှ သေခါနီးဖြစ်သွားတော့ပါဘဲ။

ကျွန်တော်လည်း အပျိုကြီးတစ်ချို့နဲ့ ကြုံဖူးပြီးနေတော့ စိတ်မဆိုးတော့ပါဘူး၊ သည်ခေတ်ကြီးမှာဗျာ၊ ဖုံးနံပါတ်ပေးလို့ ဘာမှလည်း မဖြစ်လောက်ပါဘူး၊ ရုပ်ရှင်မင်းသမီးတွေတောင် ပေးနေကြတာပါ၊ နောက်ဆုံး ကျွန်တော်က ဖုံးထဲက ရည်းစားစကား ပြောတယ်ဘဲထားပါဦး၊ သူမကြိုက်ရင် မကြိုက်ဘူးပေါ့၊ ပြီးနေတာဘဲ ဟာ၊ ကျွန်တော်က ဖုံးလိုင်းထဲကနေ သူ့ကိုလာဖက်လို့ ရတာကျနေတာဘဲဗျာ။

ကျွန်တော်လည်း ရေးသာရေးရတယ် ခပ်ကြောက်ကြောက်၊ အပျိုကြီးတွေ စိတ်ကောက်ရင် မလွယ်ဘူးဗျ။

Source: from spam email

No comments: